Food Waste

ဘာကြောင့် အစားအသောက် ဖြုန်းတီးခြင်းက သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်တဲ့ ပြဿနာတခုဖြစ်လာရတာလဲ။

ငယ်ငယ်က အဖိုးအဖွားတွေက “အစားအစာကုန်အောင်စားနော်၊ ထမင်းစေ့တစေ့ မကျန်စေနဲ့နော်” ဆိုတဲ့ စကားတွေကို ဘာကြောင့်ပြောတာလဲ သေချာနားမလည်ခဲ့ဘူး။

ဟိုးငယ်စဥ် ကလေးဘဝက ဖိုးဖွားတွေ အဲ့လို ပြောခဲ့တာဟာ အစားအစာဖြုန်းတီးခြင်း ကိစ္စတွေကို သူတို့ သိလို့ပြောတာလား မသိဘဲပြောတာလား သေချာမသိခဲ့ပေမယ့် 

အခု ကိုယ်တွေကတော့ အဖိုးအဖွားတွေ တချိန်လုံး သတိပေးခဲ့တဲ့အစားအစာတွေကို ကုန်အောင်စားဖို့, မဖြုန်းဖို့ သတိ ပိုလို့ထားရပါတော့မယ်။ 

-ဘယ်လိုအကြောင်းတွေကြောင့် အစားအစာ ဖြုန်းတီးမှုတွေ ဖြစ်ရတာလဲ။-

စျေးသွားရင် အစားအစာတွေကို အများကြီး ဝယ်ခြမ်းထား,

အိမ်က ရေခဲသေတ္တာမှာ ပြည့်ကျပ်ပြီး အထားအသို ရှုပ်နေတာကြောင့် ဝယ်ပြီးသားရှိနေတာတွေကို မေ့,

သင့်အိမ်က ရေခဲသေတ္တာထဲမှာ အထားကြာလို့ ဒိတ်အောက်,

စားသောက်ဆိုင်မှာ အစားတွေ အများကြီး မှာလို့ မကုန်ဘဲထားခဲ့လို့,

အထုပ်မှာပါတဲ့ Label တွေ, expire date တွေ မသေချာလို့ မရွေးချယ်မိ,

အစားအစာတွေကို လှတပတလေး ဖန်တီးထားတာကိုသာ ​​ရွေးချယ်ဝယ်ယူပြီး အရောင်မလှ, ပုံမလှတဲ့ အစားအစာတွေကို ရွေးချယ်မဝယ်ယူခြင်း စတာတွေနဲ့ပဲ နောက်ဆုံးမှာ အစားအစာတွေကို လွှင့်ပစ်ရတာတွေကြောင့် အစားအစာဖြုန်းတီးမှုတွေ ဖြစ်လာရပါတယ်။ 

photo credit – google image

-စစ်တမ်း-

2019, September မှာ Time သတင်းစာက ဖော်ပြချက်အရ ကမ္ဘာမှာ တနှစ်ကို ၄၀% သောအစားအစာတွေဟာ မစားဖြစ်ဘဲ ဖြုန်းတီးမှု ဖြစ်နေပါတယ်တဲ့။ လန်ဒန်မြို့ ရဲ့ စစ်တမ်းအရ တနှစ်မှာ အိမ်ထောင်တခုဟာ ဒေါ်လာ ၆၀၀ ဖိုးလောက် ငွေပမာဏတန်ကြေးရှိတဲ့ ၁၂၅ ကီလိုဂရမ်သော အစားအစာတွေကို ပစ်မိနေပါတယ်တဲ့။ 

-သုံးသပ်ရန်-

ကိုယ်တွေစားတဲ့ အစားအစာတွေ ကိုယ့်ရှေ့မရောက်မှီ စိုက်ခင်းထဲမှာ, သားငါးတွေမွေးမြူစဥ်မှာ – 

စိုက်ခင်းတွေ , သားငါးတွေကို ပြုစုစောင့်ရှောက်ဖို့တွက် ရေသန့် ဂါလန်ပေါင်းမြောက်များစွာလိုပါတယ်။ 

နိူင်ငံရပ်ခြားကနေ တင်ပို့ပြီး ပြည်တွင်းမှာ ရောင်းချရတဲ့ အစားအစာတွေ, ပြည်တွင်းမှာလည်း အခြားဒေသကနေ ကိုယ့်ဒေသကို အစားအစာတွေ ရောက်ဖို့အတွက် အတွက် ရေလမ်း, ကုန်းလမ်း, လေကြောင်းလမ်းက လာရတာမို့ လောင်စာဆီတွေ သုံးရပါတယ်။ အအေးခန်းတွေထဲမှာ ထားရတာမျိုးကလည်း ရှိသေးတော့ မီးသုံးအားတွေကလည်း ပို။

မြန်မာပြည်မှာဆို စိုက်ပျိုးရေးတောင်သူတွေဟာ ပင်ပန်း ဆင်းရဲကြပြီး ဝင်ငွေကောင်းမရကြပါဘူး။ သူတို့မှာ အကြွေးတွေ, ရာသီဥတုမကောင်းလို့ ခက်ခဲတာတွေနဲ့ ပင်ပမ်းစွာ စိုက်ပျိုးထားတဲ့ အစားအစာတွေကို ကိုယ်တွေ ဖြုန်းပစ်တာဟာ သူတို့ကို ယူကျုံးမရဖြစ်စေမှာပါ။ 

အဲ့ဒါကြောင့် သင် စားလိုက်လို့ ကုန်တာ ကိစ္စမရှိပေမယ့် ရေခဲသေတ္တာထဲ ထည့်ထားပြီး မစားဖြစ်ဘဲ လွှင့်ပစ်လိုက်ရလို့, စားသောက်ဆိုင်မှာ စားမကုန်လို့ လွင့်ပစ်လိုက်ရလို့ ကမ္ဘာ့ရေတွေဖြုန်းတီးရာ ရောက်နေပါတယ်။ လွှင့်ပစ်မယ့် အစားအစာကို ဝယ်ခဲ့တဲ့ ငွေကြေး, လူ့ အလုပ်စွမ်းအား, လောင်စာစွမ်းအင်, အချိန် နဲ့ ထို လွှင့်ပစ်တဲ့ အစားအစာကို စိုက်ဖို့, ထားသိုဖို့ ပြုပြင်ထားရတဲ့ နေရာတွေကိုပါ ဖြုန်းတီးမိရာ ရောက်ပါတယ်။

လွှင့်ပစ်မိတဲ့ အစားအစာတွေနဲ့ ထုပ်ပိုးကုန်တွေဟာ နောက်ဆုံးမှာတော့ အမှိုက်ပုံကို ရောက်ပြီး ပုပ်သိုးဆွေးမြည့်ကာ ရာသီဥတုနဲ့ ပါတ်ဝန်းကျင်အတွက် ဆိုးရွားလှတဲ့ greenhouse gas တမျိုးဖြစ်တဲ့ methane gas ကို ထုတ်လွှတ်ပါတော့တယ်။

Close-up Of A Woman’s Hand Throwing Vegetables In Trash Bin. photo credit – google image

အစားအစာ ဖြုန်းတီးမိတာကို ဘယ်လို လျှော့ကြမလဲ။-

ဒီအတွက် အဖြေရှိပါတယ်။

  • အစားအစာတွေကို လိုတာထက်ပိုမဝယ်မိပါစေနဲ့၊
  • မိမိက တနိူင်တပိုင် အစားအစာရောင်းတယ်ဆို အများကြီး မထုတ်လုပ်ပါနဲ့၊  (ကျမတို့ အိမ်လုပ် အစားအစာရောင်းပါတယ်၊ အော်ဒါမှာမှ ထုတ်လုပ်ပါတယ်၊ ဗူးပေါင်းများစွာ လက်ထဲမထားပါ)
  • မနေ့က, တနေ့က, မနက်က ကျန်နေတာလေးတွေကိုလည်း နှာခေါင်းမရှုံ့ဘဲ စားပေးပါ၊ 
  • ရေခဲသေတ္တာထဲက (leftover) ကျန်နေတဲ့ ဟင်းတွေကို အကုန်ထုတ်ပြီး ချက်ပြုတ်ပြီး ဟင်းတခွက် လုပ်စားပါ။
  • ရေခဲသေတ္တာ ရှင်းလင်းရေးအမြဲလုပ်ပြီး အစားအစာသိမ်းဆည်းခြင်းကို စနစ်တကျ ပြုလုပ်ပါ
  • အပြင်မှာ စားဖြစ်လို့ ပိုနေရင် ဗူးနဲ့ ထုတ်ယူပါ၊ 
  • စျေးသွားမယ်ဆို ဝယ်မယ့်စာရင်းကို ပြုလုပ်ပြီး အိမ်ရှိ လူအကုန်စားလို့လောက်တဲ့ ပမာဏကိုသာ ဝယ်ပါ၊
  • အစားအစာမှာစားတဲ့အခါ ငါဒါတွေ အကုန်စားနိူင်မှာပါဆိုပြီး ဗိုက်ဆာဆာနဲ့ အများအပြားမှာယူခြင်းကို ရှောင်ပါ၊ 
  • Label တွေမှာ sell by, use by, best before ဆိုတာမျိုးတပ် ထားတာဟာ တခါတလေ over-cautiousness ဖြစ်သလို ဖြစ်နေတာကြောင့် အရသာ, အနံ့,အရောင် တွေ ကောင်းဆဲ, မှိုမရှိ ဖြစ်နေသေးရင် စားလို့ရနေတာတွေရှိတတ်ပါတယ်။ ရွေးချယ် ဝယ်ယူမေးမြန်းကြည့်ကြပါ။ (ဥပမာ- ကျမတို့ အိမ်ကထုတ်တဲ့ အစားအစာဆို expire date ကို ၂လ ပေးထားပါတယ်။ ဒါပေမယ့် ရေခဲသေတ္တာထဲထည့်ထားရင် ၅ လလောက်ထိ ခံတာမျိုးပါ။ ဝယ်ယူသူတွေဆီက ပြန်သိရတာပါ။)
  • အသီးအရွက်အခွံတွေ, စားမရတော့တဲ့ အသီးအရွက်တွေဟာ အပင်နဲ့ မြေဆီလွှာအတွက် အာဟာရတန်ဖိုးတွေ ပါ,ပါတယ်။ ဒါကြောင့် မြေမြုပ်ပြီး မြေဆွေးလုပ်ပါ၊ မြေဆွေးပုံးထဲထည့်ပါ။ အပင်ဘေးတွေမှာ ပုံပါ။ 
  • ရေခဲသေတ္တာထဲမှာ ကျန်နေတဲ့ အသီးအရွက်တွေနဲ့ ဟင်းချိုချက်ပါ။ Leftover vegetable broth လို့ခေါ်ကြပါတယ်။ အဲ့ဒါကို ဖန်ဗူးတခုထဲထည့် ရေခဲသေတ္တာထဲမှာ အအေးခံထားရင် တပါတ်လောက် ခံပါတယ်။

ဒီလောက်ဆို ကိုယ်တွေစားတဲ့ အစားအစာ ဘာကြောင့် မဖြုန်းတီးသင့်ဘူးလဲဆိုတာကို ခြုံငုံနားလည်ပြီလို့ ယူဆပါတယ်။

Happy conscious Sein Mya Living to you! X

Leave a comment